ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ကျော်လင်းရေးသော ကလေးသူငယ်နာ အဓိပ္ပါယ်များအကြောင်း
|ကလေးတွေမှာ မွေးရာပါပါလာသော ရောဂါများရှိသလို မွေးပြီးမှ မိဘနဲ့ ပတ်ဝန်းကျင်တန်ခိုးကြောင့် မဖြစ်သင့်ဘဲ ဖြစ်ရသည့်ရောဂါများလည်းရှိသည်။ လူအများစုပြောနေကြသော သူငယ်နာဆိုသည့်အရာတွေကို စစ်ထုတ်လိုက်တော့ အောက်ပါအတိုင်းတွေ့ရသည်။
ကလေးမျက်လုံးလန်ခြင်း
– ကလေးများ အိပ်ချင်လျှင်၊ အိပ်နေစဉ် မျက်ဖြူစိုက်သလို မျက်လုံးလန်ခြင်းမှာ ပုံမှန်ဖြစ်သည်။ တစ်ခါတရံ မျက်စိနှစ်လုံး အလယ်တွင် ပူးစိုက်နေတတ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။
– မျက်လုံးလန်ခြင်းနှင့်တွဲပြီး ခြေလက်များလှုပ်ခြင်းစသည့် ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများဖြစ်ပါက သူငယ်မကောင်းတာ ဖြစ်ဖို့များသည်။ သူငယ်ဆရာဝန်ပြပါ။
ကလေးဇက်မခိုင်ခြင်း/ခေါင်းစောင်းခြင်း
– မွေးစကလေးများ မည်သူမှ ဇက်မခိုင်ပါ။ သုံးလလောက်ရောက်မှ လည်ပင်းကြွက်သားလေးများ သန်မာလာပြီး ခေါင်းထိန်းနိုင်လာပါသည်။ ခေါင်းမထိန်းနိုင်သေးသဖြင့် ထားသလိုနေရခြင်းဖြစ်သည်။ သူငယ်ကိုယ့်ဘာသာ ခေါင်းပြန်မတည့်တတ်သေးပါ။ ကလေးပေါက်စ ဇက်မခိုင်တိုင်း သူငယ်နာဆိုလျှင် ကမ္ဘာပေါ်ရှိ သုံးလအောက် ကလေးတိုင်း သူငယ်နာကုန်ကြပေပြီ။ သုံးလအောက်ကလေးငယ် ဇက်မခိုင်ခြင်းမှာ ပုံမှန်ဖြစ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။
– လေးလကျော် ငါးလကျော်သောကလေး ဇက်မခိုင်သေးလျှင် သူငယ်မကောင်းတာ တစ်ခုခုဖြစ်နိုင်သည်။ သူငယ်ဆရာဝန်ပြပါ။
ကလေးလျှာ ခံတွင်းတွင် မှက်ခရုပေါက်ခြင်း
– သူငယ်အနည်းငယ် မကောင်းပါ။ မှိုတစ်မျိုးကြောင့် ဖြစ်ခြင်းဖြစ်သည်။ မှိုသတ်ဆေး ထည့်ပေးလျှင်ပျောက်သည်။ အမေနို့စို့လျှင် အမေနို့သီးခေါင်းတွင်လည်း မှိုကူးနိုင်ငည်။ အမေနို့ရော ကလေးပါးစပ်ထဲကိုပါ မှိုသတ်ဆေး ထည့်ရမည်။
– သူငယ့်ရှုရှုးဖြင့် မှိုမသေပါ။ သိပ်သုံးချင်လျှင် သူငယ်ပါးစပ်ထဲ သုတ်ပေးမည့်အစား ပြောသူပါးစပ်ထဲ အစက်ချပေးပါ။ ဒဏ်ကြေသည်။ အဓိပ္ပါယ်မရှိတဲ့စကားတွေပြောလျှင် တစ်ခါအစက်ချပေးရုံနှင့် ပျောက်သည်။
ကလေးလျှာထုတ်ခြင်း
– သူငယ်လျှာပါ၍ ထုတ်ခြင်းဖြစ်သည်။ ဝမ်းသာသင့်သည်။
– အချို့သူငယ်များတွင် မွေးရာပါချို့ယွင်းမှုနှင့် မျိုးရိုးဗီဇရောဂါစုများ ဖြစ်နေသောကြောင့် လျှာထုတ်တတ်သည်။ သို့သော် ထိုသူငယ်များတွင် ထူးခြားသည့်မျက်နှာသွင်ပြင်နှင့် အခြားလက္ခဏာများ ရှိသည်။ လျှာထုတ်ခြင်းတစ်ခုတည်းနှင့် သူငယ်မကောင်းဟု မပြောနိုင်။ အမှန်တကယ် ရောဂါရှိလျှင်လည်း အုပ်ဆေး၊ လျှာပွတ်ဆေးများက မည်သည့်အစွမ်းမှ မပြနိုင်။ သံသယရှိလျှင် သူငယ်ဆရာဝန်ပြပါ။
ကလေးလျှာဝါးခြင်း
– လျှာကြွက်သားလေးများ သန်မာအောင်၊ အစားဝါးလျှင် အပီအပြင်ဆွဲနိုင်အောင် လေ့ကျင့်ခြင်းဖြစ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။
ကလေးသွားရည်ကျခြင်း
– သူငယ်အလွန်ငယ်စဉ်အချိန်တွင် ပုံမှန်ထွက်သော သွားရည်ကို အလျင်မီအောင် မမျိုချနိုင်သေး၍ သွားရည်ကျခြင်းဖြစ်သည်။ အထူးသဖြင့် သွားပေါက်ကာနီးလျှင် ပိုကျတတ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။ အထိရောက်ဆုံးနည်းမှာ သွားရည်ခံတပ်ပေးလိုက်ခြင်းဖြစ်သည်။
– သူငယ်အသက်လေးနှစ်ကျော်သည်အထိ သွားရည်ကျခြင်း မရပ်ပါက သူငယ်မကောင်းပါ။ ပါးစပ်နှင့် လည်ချောင်းကြွက်သားများ ပြဿနာတစ်ခုခုရှိခြင်း ဖြစ်နိုင်သည်။ သူငယ်ဆရာဝန်ပြပါ။
– ရုတ်တရက် သွားရည်အကျများလာလျှင် သူငယ်တစ်ခုခုကို မျိုချမိ၍ လည်ပင်းတွင် တစ်နေခြင်း ဖြစ်နိုင်သည်။ အရေးပေါ်သူငယ်ဆရာဝန်ဆီ သွားပါ။
ကလေးအသားညှစ်ခြင်း၊ လည်ချောင်းသံပေးခြင်း
– အများအားဖြင့် ကလေးညှစ်နေခြင်း လည်ချောင်းသံပေးခြင်းသည် ဗိုက်ထဲတွင် လေရှိ၍ လုပ်ခြင်းဖြစ်သည်။ အပေါ်ကဖြစ်ဖြစ် အောက်ကဖြစ်ဖြစ် လေထွက်သွားလျှင် ရပ်သွားမည်။ ကလေးသက်တောင့်သက်သာ ရှိနေလျှင် စိတ်ပူစရာ မလိုပါ။ သူငယ်နာခြင်းမဟုတ်ပါ။ သူငယ်ကောင်းသည်။
အာရုံကြောအားနည်းခြင်း
– ဒါကမှ အစစ်အမှန် သူငယ်မကောင်းခြင်းဖြစ်သည်။ မွေးရာပါ ဦးနှောက်ပျက်စီးခဲ့၍ အာရုံကြောနှင့် ကြွက်သားများ အားမရှိသည့်ရောဂါကို Cerebral palsy (အတိုကောက် CP) ဟုခေါ်သည်။ ကုသ၍မပျောက်ပါ။ မြန်မာတိုင်းရင်းဆေးများ (စွမ်းသည်မှန်သော်လည်း) CP ကိုတော့ ဘာမှမတတ်နိုင်ပါ။ လေ့ကျင့်ခန်း (physiotherapy) စောစောနှင့် မှန်မှန်လုပ်ပေးပါက သူငယ်သက်သာမည်။ လေ့ကျင့်ခန်းမလုပ်ပါက ခြေဆစ်လက်ဆစ်ခါးရိုးဆစ်များ တောင့်ကုန်ပြီး သူငယ်လှုပ်မရဖြစ်သွားမည်။
– ဗီတာမင် ဘီဝမ်းချို့တဲ့လျှင်လည်း သူငယ်မကောင်းပါ။ ကြွက်သားများအားပျော့ပြီး ပျော့ခွေနေတတ်သည်။ ဘိလပ်စကားဖြင့် ဘယ်ရီဘယ်ရီဟုခေါ်သည်။ မိခင်အစားရှောင်၍ အဖြစ်များသည်။ အစိုဘယ်ရီဘယ်ရီနှင့် အခြောက်ဘယ်ရီဘယ်ရီဟု၍ နှစ်မျိုးရှိသည်။ အစိုဘယ်ရီဘယ်ရီက နှလုံးကို ထိခိုက်စေသည်။ အချိန်မီ ဆေးမကုလျှင် ဘီဝမ်းမပေးလျှင် သူငယ်အသက်ဆုံးတတ်သည်။ သူငယ်ဆရာဝန်အမြန်ပြရမည်။
ကလေးသေးလောင်ခြင်း
သူငယ်နာဟု အမည်တပ်ကြခြင်းများထဲတွင် ဘာကြောင့် သေးလောင်ခြင်းကို သူငယ်နာအမည်တပ်မှန်း နားမလည်။ ယခုခေတ် သေးခံ (diaper) များ အသုံးများ၍ ပုံမှန်ဂရုမစိုက်ပါက သူငယ်သေးလောင်တတ်သည်။ ပေါင်ခြံတွင် နီရဲခြင်း အသားလောင်ခြင်းများ ဖြစ်သည်။ အဆီတစ်မျိုးမျိုး၊ သေးလောင်လျှင် လိမ်းသော ခရမ်မ်တစ်မျိုးမျိုး လိမ်းပေးမှ ပျောက်မည်။ သေးလောင်သည်ကို ဂရုမစိုက်ပါက ပိုးဝင်တတ် မှိုစွဲတတ်သည်။ သူငယ်သိပ်မကောင်းပါ။ ဂရုစိုက်၍ ဆေးလိမ်းပါ
ဖြည့်စွက်…..ကလေးအညှော်မိလို့သူငယ်နာပါတယ်တို့၊မိခင်အမဲသားစားလို့သူငယ်နာပါတယ်ဆိုတာတွေလည်းမှားပါတယ်နော်။အစားရှောင်မှသာ သူငယ်အနာကြီး နာမှာပါ။
#CRD