ကြောက်မက်ဖွယ်ကောင်းတဲ့ အသည်းခြောက်ရောဂါ

Sharing is caring!

အသည်းခြောက်ခြင်းနှင့် နေ့စဉ်နေထိုင်မှုပုံစံ

အသည်းခြောက်ခြင်းဆိုတာ နာတာရှည်အသည်းရောဂါကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတစ်ခုပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာပေါ်က ရောဂါအားလုံးရဲ့ ၄၆% နဲ့ လူတွေရဲ့သေဆုံးမှုတွေရဲ့ ၅၉% တို့ဟာ နာတာရှည် အသည်းရောဂါ နဲ့ ဆက်စပ်နေပါတယ်တဲ့။ တစ်နှစ်ကို ကမ္ဘာ့လူဦးရေ ၃၅သန်းခန့် သေဆုံးစေတဲ့ တရားခံက နာတာရှည် အသည်းရောဂါ ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ ၄.၅% ကနေ ၉.၅% သော လူတွေသည် အသည်းခြောက်နေကြတယ်။

ဒါဆို အသည်းခြောက်ခြင်းဆိုတာ သိပ်ရှားတဲ့ရောဂါတစ်ခု မဟုတ်ပါဘူး။ ဘာလို့အသည်းခြောက်တယ်၊ အသည်းခြောက်တဲ့ လက္ခဏာတွေက ဘယ်လိုတွေရှိတယ် ဆိုတာကို နောက် post တွေမှာတင်ဆက်ပေးပါ့မယ်။ အခုကတော့ အသည်းခြောက်ရောဂါရှိသူတွေ ဂရုပြုသင့်တဲ့ နေ့စဉ်သွားလာနေထိုင်မှုပုံစံတွေကို ပြောပြပေးချင်တာပါ။ အသည်းခြောက်ခြင်းကို ကုသတဲ့ဆေးဝါးတွေ၊ ကုသပုံ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီကုသမှုတွေထဲမှာ အရေးလည်းကြီးပြီး ထိရောက်မှုလည်းရှိတဲ့ ကုသမှုတစ်ခုကတော့ “နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲ ပြုပြင်ခြင်း” ပဲဖြစ်ပါတယ်။

Lifestyle Changes ပေါ့ဗျာ။ အသည်းခြောက်ခြင်းကို ကုသတဲ့ဆေးဝါးတွေ သောက်ဖို့လိုသလို နေ့စဉ်သွားလာနေထိုင်မှု ပုံစံကိုလည်း ပြုပြင်ဖို့ လိုပါမယ်။ ဆေးပဲသောက်နေပြီး နေချင်သလိုနေ စားချင်သလိုစားနေခြင်းက ကုသမှုမထိရောက်ခြင်းရဲ့ အဓိက တရားခံပါပဲ။ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ဘဲ ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှု ပုံစံလေးကို နည်းနည်းလေး ဂရုတစိုက်ပြောင်းလိုက်ရုံနဲ့ အသည်းခြောက်ရောဂါကုသခြင်းကို အများကြီး အထောက်အကူဖြစ်စေမှာပါ။

ဒါဆို ဘယ်လိုတွေ ပြုပြင်ပြောင်းလဲနေထိုင်ကြမလဲ???

(၁) အရက်/ဘီယာ လုံးဝဖြတ်ပါ။

အရက် နဲ့ ဘီယာ စတဲ့ အယ်လ်ကိုဟောပါဝင်တဲ့ သောက်သုံးစရာတွေဟာ အသည်းခြောက်စေခြင်းရဲ့ တရားခံဖြစ်ရုံသာမက အသည်းခြောက်ခြင်းကို ပိုမိုဆိုးရွားစေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ အရက်သောက်ခြင်းကို ဖြတ်လိုက်ရင် အသည်းထိခိုက်မှုကို လျှော့ချနိုင်မယ်။ ဒါကြောင့် အသည်းခြောက်နေပြီလား? အရက် နဲ့ ဘီယာ ကို ဝေးဝေးကရှောင်ပါလေ။

(၂) သင့်တင့်သော အစားအသောက်များကို စားပါ။

အစားမတော်တစ်လုပ် ဆိုတဲ့အတိုင်းပဲ အစားလေးနည်းနည်းမှားတာနဲ့ အသည်းကိုထိခိုက်မှာပါ။ အစားအသောက်လို့ပြောရင် ဘာတွေကိုရှောင်ရမှာလဲ နဲ့ ဘာတွေ စားလို့ရလဲ ဆိုပြီးခွဲပြောရမှာပါ။ ဘာရောဂါ ဖြစ်ဖြစ် ဆေးခန်းလာပြကြတဲ့ လူနာတွေရဲ့ ၈၀-၉၀% လောက် မေးလေ့ရှိတဲ့ မေးခွန်းတွေက “ဘာတွေကို စားလို့ရလဲ?” နဲ့ “ဘယ်ဟာတွေက မတည့်ဘူးလဲ?” ဆိုတာတွေပဲ။

ဘာတွေကိုရှောင်ပြီးစားရမလဲ?

– အငန်များတာတွေကို လုံးဝ (လုံးဝ) မစားရ။ ဖြစ်နိုင်ရင် အငန်မပါလေကောင်းလေပဲပေါ့။ အသည်းခြောက်လို့ ရေဖျဉ်းရှိတဲ့သူတွေဆို ပိုသတိထားရမယ်။ အငန်ဆိုတဲ့နေရာမှာ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည် အကုန်ပါတယ်။ ကြက်သားမှုန့်၊ အရသာမှုန့် နဲ့ ဟင်းချိုမှုန့်တွေက အဓိက ရန်သူတွေပဲ။ ဆိုင်ရောင်း မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ နဲ့ အသုပ်စုံ စတာတွေက အသည်းခြောက်သူတွေ မစားသင့်တဲ့ အရာတွေဖြစ်တယ်။ ဘယ်လောက်ပဲ ဟင်းချိုမှုန့်မသုံးဘူး ပြောပြော အိမ်မှာ ချက်တာလောက်တော့ စိတ်မချရတာ အမှန်ပဲလေ။

– မသန့်ရှင်းတဲ့ လမ်းဘေးစာတွေ မစားရ။

– အသားစိမ်းများ မစားရ။ ပုံမှန်လူတစ်ယောက်အတွက်ကတော့ သိပ်ပြီး ပြဿနာမရှိပေမယ့် အသည်းခြောက်တဲ့သူတွေက ပိုပြီးပိုးဝင်လွယ်သည့်အတွက် အစားအစာထဲမှာ ပိုးတွေပါလာရင် အန္တရာယ်များပါတယ်။ ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားတာအကောင်းဆုံးပါပဲ။

– ရေအများကြီးမသောက်ရ။ ဒါကတော့ အသည်းခြောက်ပြီး ရေဖျဉ်းစွဲနေသူတွေအတွက် အဓိကဖြစ်ပါတယ်။ တတ်နိုင်သမျှရေကိုလျှော့သောက်ရပါမယ်။ ရေများများသောက်လေ ရေဖျဉ်းမလျော့လေ ဖြစ်နေမှာပါ။

ဘာတွေစားလို့ရလဲ??

– အာဟာရ ရှိတဲ့ အစားအစာတွေစားပါ။

– အသည်းခြောက်ရင် အသားဓာတ်လို့ခေါ်တဲ့ ပရိုတင်းကို လျှော့စားရမယ်လို့ အရင်ကယူဆခဲ့ကြတယ်။

အခုကတော့ သင့်တင့်တဲ့ အသားဓာတ်ကိုစားရပါမယ်။ အနည်းဆုံး အသား ၆ ကျက်သား (၁၀၅ ဂရမ်) လောက် နေ့စဉ် စားဖို့လိုပါမယ်။

– အသား၊ ငါး၊ အသီးအရွက် အားလုံးကို လတ်လတ်ဆတ်ဆတ် နဲ့ မျှမျှတတ စားဖို့လိုပါတယ်။

(၃) ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဘာဆေးမှ မသောက်ရပါ။

အသည်းရဲ့ အဓိကတာဝန်ထဲမှာ ဆေးတွေ၊ အစားတွေကို ချေဖျက်ရတဲ့ အလုပ်ပါဝင်ပါတယ်။ ဆေးတွေတော်တော်များများဟာ အသည်းကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ ပုံမှန်အသည်းပင်လျှင် ဆေးကြောင့်ထိခိုက်ပြီး ရုတ်တရက် အသည်းပျက်ဆီးတာဖြစ်နိုင်ပါတယ်။

အသည်းခြောက်နေတဲ့သူတွေအတွက်ကတော့ ဆိုဖွယ်ရာမရှိပေါ့ဗျာ။ အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေကို ဆရာဝန်တွေ ညွှန်ကြားမှသာ သောက်သင့်ပါတယ်။ လွယ်လွယ်ပြောရရင် ဆရာဝန်မပေးဘဲ ဘာဆေးမှ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါ။

ဒီအချက်မှာ အဓိကမှာချင်တာက မြန်မာဆေး၊ တိုင်းရင်းဆေး၊ ဟို အရွက်ပြုတ်၊ ဒီအရွက်ပြုတ် စတာတွေကို လုံးဝ မသောက်ရပါ။ တိုင်းရင်းဆေးတွေကို အထင်သေးတာမဟုတ်ပေမယ့် အသည်းခြောက်နေတဲ့သူတွေမှာ ဘယ်လောက်ထိစိတ်ချရတယ်ဆိုတဲ့ အာမခံချက်မရှိနိုင်တဲ့ အတွက် ရှောင်တာအကောင်းဆုံးပါ။

(၄) နောက်ဆုံးအနေနဲ့က သင်ဆိုင်ရာ ဆရာဝန် ညွှန်ကြားထားတဲ့ဆေးတွေကို မပြတ်သောက်ထားဖို့ လိုပါမယ်။

ဆရာဝန်ချိန်းတဲ့ ရက်တွေမှာ အတတ်နိုင်ဆုံး ပုံမှန်ဆေးခန်းပြသင့်ပါတယ်။ အပေါ်ကပြောပြခဲ့တဲ့ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာနေထိုင်မယ်ဆိုရင် အသည်းခြောက်လူနာတွေအနေနဲ့ သက်တမ်းစေ့နေနိုင်မှာ ဖြစ်ပါတယ်။

သီဟ (ဆေး – ၁)

Add a Comment

Your email address will not be published.