ဗိုက်ခွဲမွေးထားတဲ့မေမေများ အထူးသတိထားရမည့်အချက်များ
|ဗိုက်ခွဲကလေးမွေးတယ်ဆိုတာခုနောက်ပိုင်းမှာတော့ သာမန်ကိစ္စလိုဘဲ အကျွမ်းတဝင်ဖြစ်နေကြပါပြီ ။ တကယ်တော့ ဗိုက်ခွဲကလေးမွေးတယ်ဆိုတာလည်း ခွဲစိတ်မှုအကြီးစားတခုပါဘဲ။ ဒါကြောင့် မခွဲခင်မှာကော ခွဲပြီးတဲ့အချိန်မှာပါ ခန္ဓာကိုယ်ကို အထူးတလည် ဂရုစိုက်စောင့်ရှောက်ရပါမယ်။ ခုပြောပြမယ့် ခွဲပြီးအချိန်မှာဖြစ်တတ်တဲ့ နာကျင်မှုတွေ၊ နေရထိုင်ရအဆက်မပြေတတ်တာလေးတွေကို ကြိုတင်သိထားပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အတတ်နိုင်ဆုံးထိန်းညှိပေးနိုင်လျင် သာယာပျော်ရွင်တဲ့ မိခင်ဘဝလေးကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
၁။ လေပွ ၊ လေထစာ
အထူးသဖြင့် ခွဲပြီးရက်အနည်းငယ်အတွင်းမှာ လေပွစေမဲ့အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။
၂။ ဝမ်းချုပ်စာ
ဝမ်းချုပ်ရင် အူတွေမှာဖိအားသွားဖြစ်ပြီး၊ အိမ်သာတက်တဲ့အခါ ခွဲကြောင်းကနာကျင်တာမျိုးဖြစ်တတ်ပါတယ်။ ဗိုက်ခွဲထားပြီးဝမ်းချုပ်စာတွေ မစားမိအောင်ရှောင်ကြဉ်ရပါမည်။
၃။ အအေးမမိပါစေနဲ့
နာချည် ရင် ခွဲကြောင်းကအလွန်အမင်း နာကျင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် နေမကောင်း၊ဖျားနာနေတဲ့သူတွေ၊ လူထူထပ်တဲ့နေရာတွေကိုရှောင်ကြဉ်ပြီး သယကိုယ်ခံအားပြည့်အောင် နေထိုင်ကပါမယ်။
၄။ အရမ်းမရယ်ပါနဲ့
အလွန်အမင်းရယ်မယ်ဆိုရင် ခွဲကြောင်းကအလွန်အမင်း သေလောက်အောင် နာကျင်တာမျိုးဖြစ်တတ်ပါတယ်။ တတ်နိုင်ရင် အားရပါးရမရယ်ပါနဲ့။
၅။ ချောင်းမဆိုးပါနဲ့
ချောင်းဆိုး ရင် ချုပ်ကြောင်းကအလွန်အမင်း နာကျင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်အချိုတွေ၊ချောင်းဆိုးစာတွေကိုရှောင်ကြဉ်ရပါမယ်။
၆။ သဘာဝအတိုင်းမွေးဖို့ မရွေးချယ်ခဲ့တာကို ကိုယ်ကိုကိုယ် အပြစ်တင်နောင်တရနေခြင်းတချို့မိခင်တွေကတော့ ခွဲမွေးဖို့ရွေးချယ်ကြသလို၊ တချို့မိခင်တွေကတော့ သဘာဝအတိုင်းမွေးချင်ပင်မဲ့ အကြောင်းကြောင်းကြောင့် ခွဲမွေးလိုက်ရတာမျိုးရှိပါတယ်။ ဒါဟာနောင်တရစရာ အပြစ် တင်စရာမဟုတ်ပါဘူး မိသားစု အသိုင်းအဝိုင်းက စိတ်ခွန်အားတွေပေးပြီး မိမိရဲ့ရင်သွေးလေးနဲ့ ပျော်ရွင်ကျန်းမာအောင်နေဖို့ကိုဘဲ အာရုံစိုက်စေချင်ပါတယ်။
၇။ သင့်ရဲ့ ဗိုက်ပေါ်ကချုပ်ကြောင်းကို မလိုအပ်ဘဲ ခဏခဏ မထိ၊ မကိုင်ပါနဲ့။
ချုပ်ကြောင်းကို မလိုအပ်ဘဲ ခဏခဏမထိ၊မကိုင်ပါနဲ့ ဖြစ်နိုင်ရင် ကြည့်တောင်မကြည့်ပါနဲ့။ ကိုင်တွယ်စရာရှိလျင် မိမိအမျိုးသား ဒါမှမဟုတ် ဆရာဝန်၊ဆရာမ ကို အကူအညီတောင်းပါ။
၈။ ချုပ်ကြောင်းအနားတဝိုက် ထုံခြင်း
အမျိုးသမီးအများစုက ချုပ်ကြောင်းအနားတဝိုက် ထုံခြင်း ကိုပြောလေ့ရှိကြပါတယ်။ ၃နှစ်လောက်နေရင် ပျောက်သွားတာမျိုးလဲရှိသလို တချို့လဲမပျောက်တတ်ပါဘူး။
၉။ မငိုပါနဲ့
အမျိုးသမီး တွေဟာစိတ်အားငယ်တတ်ပါတယ်။ ရှိုက်ကြီးတငင် ငိုရင်လဲ ဝမ်းဗိုက်ကြွက်သားတွေကို အသုံးပြုရတဲ့အတွက် ခွဲကြောင်းမှာ နာတာမျိုးဖြစ်တတ်ပါတယ်။ မိမိကိုယ်ကို ချစ်သောအားဖြင့် မငိုပါနဲ့။
၁၀။ အိမ်အလုပ်တွေ ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့
ကလေးမွေးပြီးရက်ပိုင်းအတွင်းမှာ ကောင်းကောင်းအနားယူပါ။အိမ်အလုပ်တွေ ၊ အခြားကိစ္စတွေကို ခင်ပွန်း ဒါမှမဟုတ် အမေတို့ဆီက အကူအညီရယူပါ။
၁၁။ လှေကားတက်ခြင်း
ဗိုက်ခွဲ ကလေးမွေးပြီးရက်ပိုင်းအတွင်းမှာ လှေကားတက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရပ့ါမယ်။
၁၂။ အနာမခံပါနဲ့
ချုပ်ကြောင်းနားက နာနေပြီဆိုရင် အနာမခံပါနဲ့ အကိုက်အခဲပျောက်ဆေးသောက်ပါ။ ဒါမှကလေးလေးကိုလည်း အချိန်ပိုပေးပြီး ဂရုစိုက်နိုင်မှာပါ။ အကိုက်အခဲပျောက်ဆေးတွေ အများကြီးသောက်ဖို့တော့ မရည်ညွှန်းပါဘူး၊ ဖြစ်နိုင်ရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
၁၃။ အမျှင်ဓာတ်တွေစားသုံးပါ
ဗိုက်ခွဲကလေးမွေးပြီးတဲ့ချိန်မှာ အူလမ်းကြောင်းတွေကို ပုံမှန်ဖြစ်အောင် အမျှင်ဓာတ်ပါတဲ့ အသီးအရွက် နဲ့ သစ်သီးတွေကို စားသုံးပေးကပါမယ်။
၁၄။ ခွဲထားတဲ့ ချုပ်ရိုးကြောင်းကို ဂရုစိုက်ပါ ခြောက်သွေ့အောင်ထားပါ
ရေချိုးမယ်ဆိုရင် သေချာအုပ်ပြီးမှ ချိုးပါ၊ ရေဝင်တာ ၊ ဆပ်ပြာနဲ့ထိတာ ၊ပွတ်တိုက်မိတာမျိုးကို မပြုလုပ်သင့်သေးပါ။
၁၅။ ကလေးချီတဲ့အခါ သတိပြုပါ
ဗိုက်ခွဲထားတာဖြစ်တဲ့အတွက် မိမိကလေးလေးကို ကောက်ချီတဲ့အခါမှာ နာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အနာသေချာမကျက်သေးခင်မှာ ကလေးချီရင် အကူအညီယူပါ ။
၁၆။ ဗိုက်ချပ်လေ့ကျင့်ခန်း
ဗိုက်ချပ်လေ့ကျင့်ခန်းတွေကို အနာကျက်ပြီး ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စလုပ်သင့်ပါတယ်။
၁၇။ စိတ်အရှုပ်မခံပါနဲ့
တခြားသူတွေစိတ်အနှောင့်အယှက်အပေးမခံပါနဲ့ မိမိကိုယ်ကိုစိတ်ချမ်းသာအောင်နေပါ။
၁၈။ သက်တောင့်သက်သာနေပါ။
မိမိကိုယ်ကို သက်တောင့်သက်သာအဖြစ်ဆုံးနေရာမှာနေပါ။ အိစက်သောမွေ့ယာ နဲ့အိပ်ပါ။
၁၉။ ၆ ပတ်လောက်အမျိုးသားနဲ့ အတူမနေပါနဲ့
ဗိုက်အနာကျက်ပြီး အတူနေဖို့ဆန္ဒရှိမှနေပါ။ ၆ပတ်လောက်တော့ရှောင်ကြဉ်သင့်ပါတယ်။
၂၀။ မိခင်စိတ်အပြည့်အဝထားပါ
သဘာဝတိုင်းမွေးတာက ပိုကောင်းတယ်လို့ပြောကြတာတွေ ၊ တချို့သော စကားတွေကို မေ့ထားပြီး မိမိကိုယ်ကိုယ် ဂရုစိုက်ပြီး ရင်သွေးလေးကိုစောင့်ရှောက်ပါ။
ဒီရိုးရှင်းတဲ့ အချက်ကလေးတွေကို ကြိုတင်သိရှိထားပြီ မိခင်တိုင်း အပြည့်အဝကျန်းမာပျော်ရွင်နိုင်ပါစေ။
ငြိမ်း(ဆေး ၁)