ကလေးမရနိုင်တော့ဘူးဆိုတဲ့ အမျိုးသမီးများအတွက် သဘာ၀ကုထုံးများ
|ကလေးမရနိုင်တော့ဘူးဆိုတဲ့ အမျိုးသမီးများအတွက် သဘာ၀ကုထုံးများ
အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ကျပြီး သန္ဓေတားထားတာမျိုးမရှိဘဲ တစ်နှစ်ကြာတဲ့အထိ ကလေးမရခဲ့ရင် မြုံတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ကလေးမရနိုင်တဲ့ မိသားစုရဲ့ သုံးပုံတစ်ပုံက အမျိုးသမီးတွေရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်ပါတယ်။
အမျိုးသမီးတွေ ကလေးမရနိုင်ရတဲ့ အကြောင်းရင်းထဲမှာ မမျိုးဥအိမ်မှာ ရေအိတ်တည်တဲ့လက္ခဏာစု၊ သားအိမ်တစ်သျှူးက ပြင်ပနေရာ ရောက်နေတာ၊ မျိုးပွားအင်္ဂါနေရာက ရောင်ရမ်းနေတာ၊ သားအိမ်အတွင်း အလုံးရှိတာ၊ သွေးအားနည်းတာ၊ သိုင်းရွိုက်ပြဿနာဖြစ်တာ၊ မျိုးဥလမ်းကြောင်း ပိတ်ဆို့နေတာ၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်နေတာတွေ ပါ၀င်ပါတယ်။
အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာ၊ အသက် ၃၅ နှစ် ထက်ကြီးတာ၊ အ၀လွန်တာ၊ စိတ်ဖိစီးမှုများလွန်းတာ၊ ဓမ်္မတာမမှန်တာ ဒါမှမဟုတ် ဓမ္မတာလာစဉ်ကိုက်ခဲတာ၊ အာဟာရ မပြည့်၀တာနဲ့ ကာယလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာတွေကြောင့်လည်း အမျိုးသမီးတွေမှာ ကလေးမရနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်တာလိုမျိုး ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားတာတွေအပြင် ကလေးမရနိုင်တဲ့ အကြောင်းရင်းကို အောက်ပါသဘာ၀ကုထုံးတွေနဲ့ ကုသပြီး ကလေးရရှိအောင် ပြုလုပ်နိုင်ပါတယ်။
သလဲသီး
သလဲသီးက အမျိုးသမီးတွေမှာ မျိုးပွားနိုင်အောင် ကူညီပေးပါတယ်။ သူက သားအိမ်အတွင်း သွေးရောက်ရှိမှု ကောင်းမွန်စေနိုင်ပြီး သားအိမ်အမြှေးပါးကို ထူထပ်စေနိုင်တာကြောင့် ကလေးမြဲနိုင်ပါတယ်။ ဒါ့အပြင် သန္ဓေသားကြီးထွား ကျန်းမာဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဆေးဝါးဗေဒဆိုင်ရာမဂ္ဂဇင်းရဲ့ ၂၀၁၅ ခုနှစ်ဆိုင်ရာလေ့လာမှုအရ သလဲသီးကို အသက်ရှည်ဖို့၊ မျိုးပွားဖို့နဲ့ ကြီးထွားနှုန်း မြင့်နိုင်ဖို့အတွက် အားဖြည့်ဆေးအနေနဲ့ အသုံးပြုနိုင်တယ်လို့သိရပါတယ်။ သလဲသီးကို လတ်လတ်ဆတ်ဆတ်စားသုံးနိုင်သလို ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါတယ်။
သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်က မမျိုးဥအိမ်ရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်ဖို့ ကူညီနိုင်တဲ့အတွက် မျိုးပွားနိုင်ဖို့အတွက် အလွန်အသုံး၀င်ပါတယ်။ မျိုးမပွားနိုင်တဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ မမျိုးဥအိမ်အတွင်း ရေအိတ်ရှိတဲ့ လက္ခဏာစုကို ကုသဖို့အတွက်လည်း ကူညီနိုင်ပါတယ်။ သားအိမ်တစ်သျှူးက ပြင်ပနေရာကို ရောက်နေတာ၊ သားအိမ်အတွင်း အလုံး ရှိတာနဲ့ ဓမ္မတာမလာတာလိုမျိုး အမျိုးသမီးတွေရဲ့ မျိုးပွားမှုကို ထိခိုက်နိုင်တဲ့ ပြဿနာတွေကို ကုသရာမှာလည်း များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် သစ်ကြံပိုးခေါက်က မှိုပိုး(Yeast) မ၀င်ရောက်နိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးပူပူထဲ ထည့်ဖျော်ပြီး နေ့စဉ် သောက်ပေးပါ။
စွန်ပလွံသီး
စွန်ပလွံသီးမှာ ပါ၀င်တဲ့ အာဟာရ ဓာတ်မျိုးစုံက ကလေးရနိုင်စွမ်းကို ကူညီနိုင်ပါတယ်။ သူ့မှာ ဗီတာမင် အေ၊ အီး၊ ဘီ နဲ့ သံဓာတ်တွေ အလွန်များပြားစွာ ပါ၀င်တဲ့အပြင် အမျိုးသမီးတွေ မျိုးပွားနိုင်ဖို့နဲ့ ကိုယ်၀န်ဆောင်ဖို့အတွက် လိုအပ်တဲ့ တခြားအာဟာရဓာတ်တွေလည်း များစွာ ပါ၀င်ပါတယ်။ နေ့စဉ် ၆-၈ လုံးအထိ စားသုံးပေးနိုင်ပါတယ်။
ဗီတာမင်_ဒီ
ဗီတာမင် ဒီ က ကိုယ်၀န်ဆောင်ချိန်နဲ့ ကျန်းမာတဲ့ ကလေးမွေးဖွားဖို့အတွက် အလွန်လိုအပ်တဲ့ ဗီတာမင်ပါ။ ဗီတာမင်ဒီချို့တဲ့တာကြောင့် ကလေး မရနိုင်တာနဲ့ ကိုယ်၀န်ပျက်ကျတာတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှ ဗီတာမင် ဒီ ထုတ်လုပ်နိုင်အောင် မနက်ခင်းနေရောင်ခြည်နုနုကို ၁၀ မိနစ်ခန့် နေ့စဉ် ခံယူပါ။ ဆယ်လ်မွန်၊ ဒိန်ခဲ၊ ကြက်ဥအနှစ်နဲ့ ဗီတာမင် ဒီ အားဖြည့်ထားတဲ့ အစားအစာတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။
အိန်္ဒိယဂျင်စင်း
ဒီဂျင်စင်းအမျိုးအစားက ကလေးမရတဲ့အမျိုးသမီးတွေအတွက် အလွန်အသုံး၀င်ပါတယ်။ ဟော်မုန်းညီညွတ်မျှတဖို့အတွက် ထိန်းချုပ်ပေးနိုင်ပြီး မျိုးပွားအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေနိုင်တာကြောင့်ပါ။ သားအိမ်အားကောင်းစေနိုင်တဲ့အတွက်လည်း မကြာခဏ ကလေးပျက်ကျသူတွေအတွက် အလွန်အဖိုးတန်ပါတယ်။
ညောင်မြစ်
အာယုဗေဒဆေးပညာအရ ညောင်မြစ်ဟာ အမျိုးသမီးတွေ မြုံတာကို ကုသဖို့ အလွန်ထိရောက်မှုရှိတယ်လို့ သိရပါတယ်။ ညောင်မြစ်ကို နေရောင်အောက်မှာ ရက်အနည်းငယ်ခန့် အခြောက်ခံပြီး အမှုန့်ကြိတ်ထားပါ။ စားပွဲဇွန်းတစ်ဇွန်းစာ အမှုန့်ကို နို့တစ်ခွက်နဲ့ ရောစပ်ပြီးဓမ်္မတာ ရပ်ဆိုင်းပြီးနောက်ပိုင်းမှာ သုံးရက်ဆက်တိုက်သောက်ပေးပါ။ ဒီအရည်မသောက်ခင် တစ်နာရီအလိုမှာ ဘာမှ မစားထားပါနဲ့။ ဓမ္မတာလာနေစဉ်လည်း ဒီဖျော်ရည်ကို မသောက်ပါနဲ့။
ယောဂကျင့်စဉ်
ယောဂကျင့်စဉ်က ကလေးမရနိုင်တဲ့အမျိုးသမီးတွေအတွက် အလွန်အထောက်အကူရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင် ကူညီနိုင်တဲ့အတွက် ကလေးရဖို့ အခွင့်အလမ်းပိုများသွားနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ လျော့ကျနိုင်တာကြောင့်ပါ။
ကျန်းမာရေးနှင့်_ညီညွတ်သောအစာစားပါ
ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစာစားတာက မျိုးပွားနိုင်ဖို့အတွက် အလွန်အရေးကြီးတဲ့အချက်ပါ။ ဒီအစာစားတာကြောင့် မြုံတာကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကလေးရရှိနိုင်တဲ့အခွင့်အလမ်းလည်း ပိုများနိုင်ပါတယ်။
-ပဲအမျိုးမျိုးနဲ့ ဟင်းနုနယ်လိုမျိုး ပရိုတင်းပါ၀င်တဲ့ အစားအစာ စားပါ။
-ဆန်လုံးညိုနဲ့ ကောက်နှံတစ်ခုလုံး ပါ၀င်စာ ပေါင်မုန့်လိုမျိုး G.I ပါ၀င်မှုနည်းတဲ့ ကာဗိုဟိုက်ဒရိတ်အစားအစာတွေ စားပါ။
-သားဥကြွေတဲ့ပြဿနာကနေ ကာကွယ်နိုင်အောင် သံဓာတ်ပါ၀င်မှုများတဲ့ အစားအစာ စားပေးပါ။
-ကြက်ဥလည်း ပါ၀င်အောင် စား ပေးပါ။ သူ့မှာ မျိုးပွားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အဓိကအာဟာရ ဗီတာမင်ဒီပါ၀င်နေတာကြောင့်ပါ။
-ဓာတ်တိုးဆန့်ကျင်မှု ပါ၀င်မှုများတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများ စားပါ။
-မပြည့်၀ဆီနဲ့ အိုမီဂါ ၃ အဆီလိုမျိုး ကျန်းမာရေးကောင်းမွန်စေတဲ့ အဆီတွေကလည်း မျိုးပွားနိုင်စွမ်းကို မြှင့်တင်တဲ့အတွက် ပါ၀င်အောင် စားပေးပါ။ ငါး၊ ထောပတ်သီး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ ဒီအဆီတွေ ပါ၀င်ပါတယ်။
-အစပ်စာ၊ လက်ဖက်ရည်ကျကျ၊ ကော်ဖီ၊ သကြား၊ ဂျုံဖြူ၊ ဆီကြော်စာနဲ့ မာကျူရီမြင့်မားစွာ ပါ၀င်တဲ့ ပင်လယ်စာတွေကို ရှောင်ပါ။ ဒီအစားအစာတွေက အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်တာကြောင့်ပါ။
Tips!
-ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင် ထိန်းထားပါ။ အ၀လွန်တာ ဒါမှမဟုတ် ကိုယ်အလေးချိန် စံမမီတာက မျိုးပွားနိုင်ခြေကို ထိခိုက်နိုင်ပါတယ်။
-အရက်နဲ့ ကဖင်းပါတဲ့ ဖျော်ရည်တွေကို ရှောင်ပါ။ ကလေးရဖို့ ခက်ခဲနိုင်တာကြောင့်ပါ။
-ဆေးလိပ်မသောက်ပါနဲ့။ တစ်ဆင့် ခံဆေးလိပ်ငွေ့ မရှူမိအောင်လည်း ရှောင်ပါ။
-သင်ရဲ့ခန္ဓာကိုယ် အပူချိန်ကို တိုင်းတာပြီး ဥကြွေတဲ့အချိန်ကို သိရှိအောင် ပြုလုပ်ပါ။ မမျိုးဥကြွေချိန်မှာ ခန္ဓာကိုယ်အပူချိန် အနည်းငယ် မြင့်-တက်နေတတ်ပါတယ်။
-စိတ်ဖိစီးမှုကို လျှော့ချပါ။ အသက် ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ၊ တရားထိုင်တာလိုမျိုး စိတ်ငြိမ်စေမယ့် အလေ့အကျင့်တွေ ပြုလုပ်ပေးပါ။
-ရေခဲရေ၊ ရေနွေး မသောက်ဘဲ ရိုးရိုးရေသာ သောက်ပါ။ မျိုးပွားအင်္ဂါတွေ ကျန်းမာဖို့ ကူညီနိုင်တာကြောင့်ပါ။
ဒေါက်တာခင်မိုးမိုး