ဆန်ဆေးရည်က ပေးတဲ့ အကျိုးကျေးဇူးများ 

Sharing is caring!

ဆန်ဆေးရည်က ပေးတဲ့ အကျိုးကျေးဇူးများ 

ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရ်ှလို့ ရေးဖို့ဖြစ်လာတယ်။

ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။

အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။

ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။

ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။

ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဆန်ဆေးရေမှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့အခါ အာဟာရဓာတ်စုံတယ်။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင်တီအောက်စီးဒင့်တွေပါသလို vitamin B1, B3, B5, B6 နဲ့folic acid စတာတွေ ပါလို့ အာဟာရဓာတ်စုံတယ်။ ဆန်ဆေးရေမှာပါတဲ့ phenolic နဲ့ flavonoid ဓာတ်တွေက အရေပြားအတွက်ကောင်းမွန်တယ်။

နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ magnesium, selenium, iron, phosphorous, manganese စတာ တွေကြွယ်ဝစွာ ပါဝင်ပြန်တယ်။

လေ့လာမှုတွေအရ ဆန်ဆေးရေမှာပါတဲ့ inositol ဓာတ်က ဆံသားကို ပြန်လည်နက်မှောင်သန်စွမ်းစေတယ်။ inositolက ခေါင်းလျှော်ပြီးနောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင်နိုင်တယ်။

နောက်ပြီး ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်။ ဆံသားကို ထူထပ်စေတယ်။

ဆန်ဆေးရေကို အာယုဗေဒဆေးနည်းအရ အရေပြား ရောင်ရမ်းနာတွေမှာ အသုံးပြုတယ်။ အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။ သွေးလည်ပတ်မှုအားကောင်းလို့ အမဲစက်တွေကို လျှော့ပါးသက်သာစေတယ်။

အရေပြားခြောက်သွေ့ရဟယားယံတဲ့အခါ သုံးနိုင်တယ်။ နှင်းခူနာနဲ့ ဝက်ခြံတွေမှာလည်း သုံးတယ်။ တချို့က နေလောင်တဲ့အခါ ဆန်ဆေးရေကို ခပ်ပါးပါးလိမ်းပေးခိုင်းတယ်။ မျက်နှာမှာလိမ်းရင် အရေးအကြောင်းကင်းစင်ပြီး အသားတင်းစေတယ်။

အသားဖြူစေတယ်။ အဝတ်တွေမှာလည်း ဒီတိုင်းပဲ။ ဆန်ဆေးရေနဲ့လျှော် မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး။
ဆန်ဆေးရည်ကို အချဉ်ဖောက်နိုင်ရင် ပိုကောင်းသေးတယ်။ အချဉ်ဖောက်တယ်ဆိုတာ အခန်းအပူချိန်မှာ နညိးနည်းချဉ်လာသည်ထိ ခပ်ကြာ

ကြာထားလိုက်တာကို ဆိုလိုတာ။ အဲလိုထားလိုက်ခြင်းအားဖြင့် vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ်တွေပိုထွက်လာတယ်။ ဒီနောက်ပိုင်း အသားအရေတင်းရင်းတဲ့ ဆေးတွေမှာ piteraဓာတ်ကို အဓိကထားလာကြတယ်။ အာနိသင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတာ သိထားလို့ပါ။

ဆန်ဆေးရေနဲ့ ပက်သတ်ပြီး အမျိုးမျိုးသုံးတယ်။ တချို့က မျက်နှာသစ်ကြတယ်။ ရေချိုးကြတယ်။ ခေါင်းလျှော်ကြတယ်။ ဆန်ဆေးရေက အသားအရည်ကို ကြည်လင်ဝင်းပစေတာ အမှန်ပဲ။

အသားလည်း ဖြူစေတယ်။ အရေးအကြောင်းကင်းစင်စေတာမို့ ငယ်ရုပ်ဆင်တယ်ဆိုရင် မမှားပါ။
ဝက်ခြံအဆီထွက်များသူတွေမှာ သုံးရင် မွှေးညှင်းပေါက်ကို ကျဉ်းမြောင်းစေတာမို့ ဝက်ခြံတွေ ပျောက်ကင်းနိုင်တယ်။

ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်က အကောင်းဆုံးဖြစ်တယ်။ ကစော်ဖောက်ခြင်းက အချဉ်ဓာတ်ကဲစေတယ်။ pH level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန် pHနဲ့ သွားတူတယ်။

ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို နက်မှောင်သန်စွမ်းစေတယ်။

ဆန်ဆေးရည်ပြုလုပ်ပုံ

၁-ဆန်ကြမ်းကို ခွက်တဝက်စာယူပြီး ဇလုံတခုထဲထည့်ပါ။

၂-ပြီးရင် ရေတစ်ခွက်ယူပြီး လောင်းထည့်ပါ။တစ်မိနစ်ထားပြီး မကောငိးတဲ့အညစ်အကြေးတွေပါတဲ့ အဆိုပါ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ။

၃-အဆိုပါ ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာလောင်းထည့်ပါ။(ဆန်နဲ့ရေ အချိုးအဆ ၁:၄ ဖြစ်သင့်တယ်)

၄-အဆိုပါ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ။ ၁၀မိနစ်ခန့်ကြာရင် အောက်ခြေမမြင်ရအောင် နောက်လာလိမ့်မယ်။

၅-ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရေကို စစ်ထုတ်ယူပါ။ ရလာတဲ့ဆန်ဆေးရည်ကို စတင်သုံးစွဲနိုင်ပြီဖြစိပါတယ်။

ကစော်ဖောက်ချင်သေးတယ်ဆိုရင် အဆိုပါဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄-၄၈နာရီ ထားရမှာ ဖြစ်ပါတယ်။ အပူချိန်မြင့်လေလေ ကစော်ဖောက်တဲ့အချိန် မြန်လေလေဖြစ်တယ်။

ပြီးရင် ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်ကို နည်းနည်း အပူပေးလိုက်ပါ။သုံးမိနစ်ခန့်အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကစော်ဖောက်ထားတဲ့ဆန်ဆေးရည်တွေက နည်းနည်းပြင်းတယ်။ အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်။

မှတ်ချက်- ဆန်ဆေးရည်နေရာမှာ ထမင်းရည်ကိုလည်း အစားထိုးသုံးနိုင်တယ်။ ပွက်ခါစ ထမင်းရည်(သို့) ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တယ်။ သတိပြုရမှာက ထမင်းရည်ကို ရေနဲ့အရင်ရောပြီးမှ သုံးပါ။

ရေခဲသေတ္တာထဲမှာ ထားရင် တပတ်ထိ အထားခံတယ်။

သုံးစွဲပုံ

သန့်စင်တဲ့ ပိတ်ပါးစတခုကို ဆန်ဆေးရည်ထဲစိမ်ပါ။ အဆိုပါအဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ။အရေပြားထဲစိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး ခြောက်သွေ့အောင်ထားပါ။

၃-၅မိနစ်လောက် ထားသင့်တယ်။ မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုးရတဲ့အခါ မျက်နှာစသစ်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။

ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေက ဆံသားအတွက် အကောင်းဆုံးဖြစ်တယ်။

ဆန်ဆေးရေကို

-မျက်နှာမှာ သုံးတဲ့အခါ မနက်(သို့)ညနေ နေ့စဉ်သုံးသင့်တယ်။

-ဆံသားအတွက် တပတ် ၁-၂ကြိမ် ခေါင်းလျှော်ပေးနိုင်တယ်။ တခါလျှော်ရင် ၅မိနစ်ခန့်ထားပါ။

body scrub အနေနဲ့လည်း သုံးလို့ရတယ်။အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ရောပြီး အရေပြားမှာ လိမ်းပါ။

ဒီနည်းအတိုင်း တပတ်တခါ(သို့)နှစ်ပတ် တခါ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမဲစက်ကင်းစင်ပြီး နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

သောက်တဲ့ကိစ္စ

အမေးများတဲ့ မေးခွန်းနောက်တခုက ဝိတ်ကျတယ်ဆိုတဲ့ ကိစ္စပါ။ ဝိတ်ကျဖို့ သောက်လို့ရတယ်ဆိုတာမျိုးကြားရပါတယ်။

အဲဒီအကြောင်းကလည်း ဂျာနယ်တခုမှာ ဆရာဝန်တယောက်က ဖြေထားတာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ ဆရာဝန်ပြောတဲ့ အမေးအဖြေကို သေချာဖတ်ကြည့်ရင် သိသိသာသာဝိတ်ကျတယ်လို့ ပြောမထားပါ။

သူတကယ်ဝိတ်ကျခဲ့တာ အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ဖြစ်ပါတယ်။ အစားအသောက်ထိန်းတာနဲ့ အားကစားကသာ အဓိကကျတယ်။ ဆန်ဆေးရေနဲ့မဆိုင်ပါ။

ဆန်ဆေးရေက တွန့်သွားတဲ့ အသားအရေကို ပြန်လည်တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို ထိန်းသွားနိုင်တယ်။ တက်လိုက်ကျလိုက် မဖြစ်တော့ဘူး၊ အဲဒါကို သူက အဓိက ပြောချင်တာပါ။

ဒါပေမယ့် မီဒီယာတွေက ခေါင်းစဉ်တပ်တော့ ဝိတ်ကျတယ်ဆိုပြီး ဖြစ်သွားတယ်။ ဆန်ဆေးရေနဲ့ပက်သတ်ပြီး အသားရေအတွက်ကလွဲရင် ဝိတ်ကျဖို့သုံးတယိဆိုတာမျိုးမဖတ်ရပါ။

ဒါပေမယ့် ထမင်းရည် မနက်စောစောသောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုး တွေ့ရတယ်။ ထမင်းရည်တစ်ပန်းကန်က ကယ်လိုရီ(၁၀၀)လောက်သာပါဝင်လို့ကောင်းတယ်။ ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။

ပုံမှန်စားသုံးမှုရဲ့ သုံးပုံတပုံသာရှိလို့ ဝိတ်ကျနိုင်တယ်။ ဒီလောက်ပဲ ဖတ်ရတယ်။ ဆန်ဆေးရေက ဝိတ်ကျတယ်လို့ မဖတ်ရပါ။

နောက်တချက်က ဆန်ဆေးရေ သောက်တဲ့အခါ အများစိုးရိမ်သလို ပိုးသတ်ဆေး၊ဓာတုကင်းစင်မှုကိုလည်း သတိပြုသင့်တယ်။ ဒီဖက်ခေတ်ဆန်တွေကို ယုံရင် အမှားကြီး မှားလိမ့်မယ်။

ဆန်ကို တကြိမ်ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေးပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေးပါ။ ဒါကိုတော့ ဂရုစိုက်စေချင်တယ်။ ဆန်ဆေးရေကို ခန္ဓာကိုယ် ပြင်ပ အသားအရေအတွက် သုံးစွဲလို့ရတာ ဟုတ်ပါတယ်။

ဒါပေမယ့် ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သောက်သုံးမယ်ဆိုရင် အထူးဂရုစိုက်သင့်တယ်။

Credit: ဒေါက်တာအေးမင်းထူး

Add a Comment

Your email address will not be published.