ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ရဲ့ နောက်ထပ်လေးစားဖွယ်ရာ လုပ်ရပ်တစ်ခု

Sharing is caring!

ဒီလို ဆရာဝန်မျိုး တိုင်းပြည်အတွက် များများ လိုပါတယ်နော်။

ကျွန်တော် ပုသိမ်ကို ပြောင်းလာရတော့မည်ဆိုတော့ နေစရာအိမ်လေး ဘယ်မှာရပါ့ဟု စိတ်ထဲတွေးမိသည်။သမီးက မလှိုင်မှာ ကျောင်းတက်နေလေတော့ လင်မယားနှစ်ယောက်ထဲ။ ကျွန်တော်ကလည်း အိမ်ကပ်သူမဟုတ်။ ဇနီးသည် နေဖို့ လုံခြုံစိတ်ချရပါ့မလား။ဒီလိုနှင့် ဆေးရုံအုပ်ကြီးနေဖို့အိမ်ကို ပုသိမ်ပြောင်းမလာခင် လာကြည့်ဖြစ်ပါသည်။

အိမ်က ရှေးခေတ်ကအိမ်ကြီး။ အရင်ကတော့ အတော်ပင် ခမ်းနားပါလိမ့်မည်။ အခုတော့ မိုးတွေ တအားယိုလို့၊ အရင် ဆေးရုံအုပ်ကြီးခမျာမှာ အောက်ထပ်က အခန်းလေး တစ်ခန်းမှာနေသွားရရှာသည်။

အပေါ်ထပ်တွေမှာ နေလို့မရ။ လှေကားတောင် သော့ခတ်ပိတ်ထားတာ အတော်ကြာပြီ ထင်သည်။ မနည်း ဖွင့်ယူရသည်။ မျက်နှာကျက်တွေကလည်း ကွာကျ၊ အမိုးက ပေါက်ပြဲ၊အစိုးရ ဘက်ဂျက်နဲ့ ပြင်မယ်ဆိုတော့လည်း ဒီအိမ်ကြီးကို အိုးအိမ်က ပိုင်သတဲ့။ ပြင်လို့ မရပါတဲ့။အိုးအိမ်က ပြင်ဆိုတော့လည်း ဘက်ဂျက်က အများကြီး မရှိ။ပြင်ထိန်း သိန်းရာချီ ချပေးမှ ရမည်။

ဒါမှသာ ဒီအိမ်ကြီး ကောင်းနိုင်တော့မည်။ ဒါဆိုလည်း မဖြစ်သေး။ တစ်ယောက်ထဲ နေရမည့် ဇနီးသည်ခမျာ အိမ်ကြီးမြင်ရုံနှင့် မနေရဲဘူးဟု ဆိုပါလေသည်။

သို့ဖြင့် ဆေးရုံထဲကအထူးကုဆရာဝန်များအတွက် တိုက်ခန်းလေး တစ်ခန်းမှာပဲ နေလိုက်ပါတော့သည်။ ဒီအိမ်ကြီးကို ကြည့်ပြီး စိတ်မချမ်းသာ။ ကျွန်တော် မနေပေမယ့် တစ်ယောက်ယောက်နေလို့ ရသည်။ ဘက်ဂျက်တောင်းမရလျှင် အလှူခံပြီး ပြင်ရန် အကြံရသည်။ အိုးအိမ်ကို ခွင့်ပြုမိန့်တောင်းတော့ သဘောတူသည်။

အိမ်ကြီးကို အမိုးအားလုံး ခွါချ၊ ပြန်ပြင်မည်။ မိုးမယိုတော့လျှင် အိမ်ကြီးက အကောင်းအတိုင်းနေလို့ ရပြီ။ဒီတိုင်း ပစ်ထားလျှင် တစ်နှစ် နှစ်နှစ်နေ အိမ်ပျက်ကြီး ဖြစ်တော့မည်။ မြန်မာပြည် တနံတလျား ခရိုင်မြို့ကြီးတွေမှာ ဒီလိုနဲ့ ပျက်သွားရသည့် အိမ်အိုအိမ်ဟောင်းတွေ အများအပြား။

ဆေးရုံကပဲ ပိုင်ပိုင်၊ အိုးအိမ်ကပဲ ပိုင်ပိုင် ပျက်စီးလျှင် နစ်နာမည်က နိုင်ငံတော်သာ မဟုတ်ပါလား။ သူများတိုင်းပြည်ဆိုလျှင်တော့ ဒီအိမ်ကြီးတွေသည် ရှေးအိမ်ကြီးတွေအဖြစ် တန်ဖိုးကြီးလှပါလိမ့်မည်။ သို့ဖြင့် အိမ်အိုကြီး အမိုးကို ပြင်ဖြစ်ခဲ့ပါသည်။
အပြင်မှာ ငှားနေရသော သူနာပြုဆရာမလေး (၂၂) ယောက်ကို ဒီအိမ်ကြီးမှာ နေရန် ပြင်ဆင်ပေးလိုက်ပါသည်။

အိမ်သာတွေ၊ ရေချိုးခန်းတွေ၊ ထပ်ထည့်သည်။ အိမ်သာကန် အသစ်ထပ်တူးရသည်။ ရေလှောင်ကန် အသစ်ထပ်တူးရသည်။ မီးလိုင်းတွေ ပြန်ရိုက်သည်။

မကြာခင် သူတို့တွေ ဒီအိမ်ကြီးမှာ နေခွင့်ရပါတော့မည် အားလုံး ပြင်ဆင်စရိတ် (၁၃၆ ၃၀၀၀၀) ကျပ် ကျပါသည်။ပင်းတယကတည်းက ကျွန်တော်ထူထောင်ထားသော မီးအိမ်ရှင်ဖောင်ဒေးရှင်းက သိန်း တစ်ရာ လှူပြီး ကျန်ငွေများကို ဆေးရုံအလှူငွေမှ သုံးစွဲခဲ့ပါသည်။

အရင် ကျွန်တော် ရောက်ခါစက အိမ်ကြီးအမိုးနှင့် အခု အိမ်ကြီး အမိုး ဘာမှ မတူတော့ပြီ။ဝမ်းအသာဆုံးက အပြင်မှာ တစ်လ သုံးသောင်းကျော် လေးသောင်းငှားနေရသော သူနာပြုဆရာမလေးတွေ ဆေးရုံဝင်းထဲမှာ လုံလုံခြုံခြုံ နေခွင့်ရသွားခြင်းပါပဲ။

ဒီထက် ပိုဝမ်းသာရတာကတော့ ပုသိမ်မြို့၏ ရှေးဟောင်းအမွေအနှစ် တစ်ခုကို ထိန်းသိမ်းခွင့်ရလိုက်တာပါပဲ။တို့ဘိုးဘွား အမွေအနှစ်ဆိုတာ သီချင်းထဲမှာသာ ချစ်ရတာမဟုတ်၊ အပြင်မှာလည်း တကယ် ချစ်မြတ်နိုးရမှာ မဟုတ်ပါလား။

(ပထမပုံက အရင် အိမ်အဟောင်းကြီးရဲ့ ပုံတွေ ဖြစ်ပြီး နောက်ပုံတွေကတော့ ပြုပြင်ပြီး ပုံတွေ ဖြစ်ကြောင်းပါ။)

ခရက်ဒစ်

Dr.Than Min Htut

Add a Comment

Your email address will not be published. Required fields are marked *