မနက်ဖြန်ည ၉ နာရီကျော်ရင် ကြယ်မိုးတွေ ရွာမည်
|၂၀၂၀ ခုနှစ် ဧပြီလ ၁၆ ရက်မှ ၂၅ ရက်နေ့ အတွင်းမှာတော့ Lyra လို့ခေါ်တဲ့ ဗျက်စောင်းပုံစံ ကြယ်တာရာအနီးမှာ ကြယ်မိုးတွေ ဆွေရွာလာဖို့ ရှိနေပါတယ်။ Lyrid Meteor Shower လို့ ခေါ်ဆိုကြပြီး ဧပြီလ ၂၂ ရက်နေ့မှာ အများဆုံး ကြွေကျမှာ ဖြစ်ပါတယ်။
ကြယ်ကြွေတယ် ဆိုတာကတော့ ကောင်းကင်မှာ ရှိနေတဲ့ ကြယ်တွေ ကြွေကျခြင်း မဟုတ်ပါ။ အာကာသအတွင်း လွင့်မျောနေတဲ့ ဥက္ကာခဲလေး တွေနဲ့ ကမ္ဘာ့လေထုတို့ မြေပြင်အထက် ကီလိုမီတာ ၁၀၀ လောက်မှာ ပွတ်တိုက်ရင်းက ထွက်ပေါ်လာတဲ့ အလင်းတန်းများ ဖြစ်ပါတယ်။
ဒီဥက္ကာခဲများဟာ ကြယ်တံခွန် 1861 G1 Thatcher ရဲ့ လမ်းကြောင်းမှာ ကျကျန်နေခဲ့တဲ့ ဥက္ကာခဲ အမှုန်များဖြစ်ပါတယ်။ ဒီကျောက်ခဲမှုန်များရှိတဲ့ နေရာကို ကျနော်တို့ ကမ္ဘာဟာ နှစ်စဉ် ဧပြီလ ၁၆ မှ ၂၅ အတွင်း ဖြတ်သန်းလေ့ ရှိပါတယ်။
နေ့ဘက်မှာ အရပ်မျက်နှာကို ပြောတဲ့အခါ နေထွက်ရာ၊ ဝင်ရာကို ကြည့်ပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် စသည်ဖြင့် ခွဲခြားပြောဆို ကြပါတယ်။ ညဘက်ကောင်းကင်မှာတော့ ကြယ်တာရာတွေကို ကြည့်ပြီး အရပ်မျက်နှာကို ဆိုရပါတယ်။
Lyrid Meteor Shower လို့ခေါ်တဲ့ ကြယ်ကြွေခြင်းတွေကို ရှာဖွေဖို့ Lyra လို့ခေါ်တဲ့ ဗျက်စောင်းပုံစံ ကြယ်တာရာကို ကြည့်ရပါတယ်။
အဲ့ဒီ့ တာရာထဲမှာ ထင်ရှားပြီး လင်းလက်နေတဲ့ ဗီဂါ (Vega) လို့ခေါ်တဲ့ ကြယ်တစ်လုံး ရှိပါတယ်။ မြန်မာ့နက္ခတ်မှာတော့ စိုင်းရှူးကြယ်ပြောင် (အဘိဇိတ်နက္ခတ်) လို့ ခေါ်ပါတယ်။ (ပုံ)
ဧပြီလ အတွင်းမှာ Vega (ခ) စိုင်းရှူး ကြယ်ပြောင်ကို ည (၉) နာရီ မှ မနက် (၅) နာရီအထိ အရှေ့ (မြောက်) ဘက် ကောင်းကင်ယံမှ အနောက် (မြောက်) ဘက်သို့ တဖြည်းဖြည်းချင်း ရွေ့လျားသွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
လကွယ်ရက်နဲ့လည်း နီးကပ်ချိန်မို့လို့ ကြယ်ကြွေခြင်းကို စိုင်းရှူးကြယ်အနီးမှာ ကောင်းကောင်းမြင်တွေ့ရနိုင်ပါတယ်။ မနက်ခင်းပိုင်း ရောက်လေ ပိုပြီး မြင်တွေ့ရလေ ဖြစ်မှာပါ။ ကောင်းကင်ကြည်လင်နေဖို့လည်း လိုအပ်ပါတယ်။
တစ်နာရီကို (၁၈) လုံးခန့် ကြွေကျမှာ ဖြစ်ပါတော့တယ်။
အနာဂတ်ပညာရေးအတွက်
Credit
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)