သီတဂူဆရာတော် ဘုရားကြီး၏ ရေအလှူတော် နှစ် (၄၀ )ပင် ပြည့်ခဲ့ပြီ

Sharing is caring!

“စစ်ကိုင်းတောင်၊ မင်းဝံတောင်ထိုမှတဆင့် မင်းကွန်းဆီသို့ သီတဂူရေအလှူတော် နှစ်-၄၀ ခရီးပြည့်မြောက်ခဲ့သည့် မော်ကွန်းမှတ်တမ်းလွှာ”

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်၍ စစ်ကိုင်းတောင်ရိုး သီတဂူရေအလှူတော်စီမံကိန်းကို ခရစ်နှစ် ၁၉၈၀ ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၄၂ ခုနှစ် ကဆုန်လပြည့်နေ့) မှ စတင်၍ လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ ခုနှစ် မြန်မာသက္ကရာဇ် (၁၃၈၂ ခုနှစ် ကဆုန်လပြည့်နေ့) တွင် စစ်ကိုင်းတောင်နှင့် မင်းဝံတောင်တို့ကို ဧရာဝတီမြစ်ရေဖြင့် ရေပေးဝေဖြန့်ဖြူးခဲ့သည့် သီတဂူရေအလှူတော်သည် နှစ်-၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

သီတဂူရေအလှူတော် စီမံကိန်းကြီး နှစ်-၄၀ ခရီးတွင် ပြည်တွင်းပြည်ပ အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းပေးခဲ့ကြသော ငွေပဒေသာပင်များကြောင့် စက်ရုံသစ်များ တည်ဆောက်နိုင်ခဲ့ခြင်း၊ ပိုက်လိုင်းအသစ်များ အစားထိုးသုံးစွဲနိုင်ခဲ့ခြင်း၊ နည်းပညာအသစ်များနှင့် စက်သစ်များကို ပြောင်းလဲအသုံးပြုနိုင်ခဲ့သည်။

ရေစက်ရုံအသစ်များတွင် အသုံးပြုသည့် ရေတင်မော်တာစက်ကြီးများ နိုင်နင်းစွာအသုံးပြုနိုင်ရန် လျှပ်စစ်မီးတပ်ဆင်မှု အတွက် ထရန်စဖေါ်မာအသစ်များ၊ ကွန်ထရိုးပါနယ်အသစ်များ၊ မီးလိုင်းနှင့် ဆက်စပ်ပစ္စည်းများကိုလည်း အသစ်ပြောင်းလဲ တပ်ဆင်နိုင်ခဲ့ပြီဖြစ်ပါသည်။

ရေပိုက်လိုင်းများမရောက်သေးသော ချောင်များနှင့် နွေအခါရေရှားသည့် ကျေးရွာများသို့ ရေပေးဝေနိုင်ရန်အတွက် ကမ္ဘောဇဘဏ်၏ အနာဂတ်အလင်းတန်းဖေါင်ဒေးရှင်းမှ လှူဒါန်းသော ရေသယ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်လှူဒါန်းပေးလျှက်ရှိနေပါသည်။

မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးများကို ဦးထိပ်ပန်ဆင်ကာ သီတဂူဆရာတော်ကြီးနှင့်ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရတို့ ဦးဆောင်၍ မင်းကွန်းဒေသတွင် ရေပေးဝေနိုင်ရန်အတွက်အစီစဉ်များကိုလည်း စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

“တောင်စစ်ကိုင်း-ချောင်တိုင်းဝေမယ်” ဟု လွန်ခဲ့သော နှစ်-၄၀ က ကြွေးကြော်၍ စတင်ခဲ့သော သီတဂူရေအလှူတော်သည် စစ်ကိုင်းတောင်ရိုးနှင့် ဆက်စပ်နေသော မင်းဝံတောင်ရိုးသာမက တိပိဋကဆရာတောအများစု ပွင့်ထွန်းပေါ်ရာ မင်းကွန်းဒေသအထိ ကျယ်ပြန့်စွာလှူဒါန်းနိုင်တော့မည် ဖြစ်ပါသည်။

ဘိသိတ်တော်ဖျန်းဓလေ့

နန်းရဝေ့တန်ဆာ

စန်းအငွေ့လျှံအဝါငယ်

စံပမာဆိုသို့

အေးရောင်ဓာတ်အရည်တူတယ်

သီတဂူကိန်းဆိုက်ချိန်မို့

အမတဘိသေကာ

ဝိဇေယျာအောင်မြို့

ကိလေသာမလောင်ဘို့ရယ်နဲ့

နောင်မချိုအေးစေ

စေတနာဖြူပါလှ

လှူဒါနနောတတ်အိုင်ရေ

တောင်စစ်ကိုင်း ချောင်တိုင်းဝေမယ်

ဖောင်နှိုင်းလေ မဂ္ဂင်ရှစ်ကယ်နဲ့

တက်ပြင်အသင့်ကူးကြညီတူ

ထူးလှသီတဂူ

မော်ကွန်းသစ်တစ်ကြိမ်ထူမယ်

စိန်ဆူဆူရတုသို့လေး။

သီတဂူရေအလှူတော် နှစ်-၄၀ ပြည့်ခရီးအထိ ကျယ်ပြန့်စွာ လှူဒါန်းနိုင်ရန်အတွက် ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရမင်းအဆက်ဆက်၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းနှင့် ပြည်တွင်းပြည်ပ အလှူရှင်များအားလုံး၏ မွန်မြတ်လှစွာသော သဒ္ဓါတရားကို သီတဂူဆရာတော်ကြီး အမှူးရှိသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ဝမ်းမြောက်နုမော် “သာဓု သာဓု သာဓု” ခေါ်ဆိုပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

Posted by သီတဂူသတင်း

📸 – သီတဂူကျော်ဆန်းဝင်း

🎥 – သီတဂူထိန်လင်းဦး

🎥 – သီတဂူမောင်မောင်

Add a Comment

Your email address will not be published. Required fields are marked *