Q ဝင်တဲ့ ၂၁ ရက် သံယောဇဉ် နဲ့ မှားခဲ့တာတွေ တောင်းပန်ရင်း မျက်ရည်စို့ရတဲ့အချိန်တွေ

Sharing is caring!

အမြင်မှန်ကြလို့ အမှန်မြင်ကြပြီ

“ကျမ ထိုင်းကနေမြန်မာဖက် မြဝတီကိုပြန်ရောက်ပြီး မြဝတီမှာ Quarantine ၂၁ရက်နေရမယ် ဆိုတော့ အလွန်စိတ်ညစ်ခဲ့ပြီး ဒီစခန်းကိုရောက်ရှိတဲ့နေ့မှာငါတို့တော့ထောင်ကျပြီလို့ခံစားလိုက်ရပါတယ်

ကျမလေ…ထိုင်းမှာ ၅ နှစ်အလုပ်လုပ်ခဲ့ရတယ်မိသားစုတွေအဖေအမေတွေနဲ့တွေ့ချင်စိတ်ကအရမ်းပြင်းထန်နေချိန်မှာဒီစခန်းမှာ ၂၁ ရက်နေရမယ်ဆိုတော့စဉ်းစားကြည့်ပေါ့ရှင်

ကျမလိုပဲအားလုံးဟာစိတ်ညစ်နေကြပါတယ် ဒီလိုနဲ့နေလာလိုက်တာ….

ကျမတို့ကိုမနက်စာ၊နေ့လည်စာ ၊ ညစာထမင်း ၃ နပ်ကျွေးတယ်၊ဆာတဲ့အချိန်စားဖို့ဆိုပြီးမားမားခေါက်ဆွဲထုတ်တွေအပြည့်ထားပေးတယ်၊အိုဗာတင်း၊ကော်ဖီ၊အအေးတွေကိုလည်းတစ်နေ့ ၃ ကြိမ်လောက်တိုက်ကျွေးကြတယ်

ကျမတို့ရဲ့ကျန်းမာရေးကိုလည်းနေ့စဉ် ၂ ကြိမ်စစ်ဆေးတယ်၊ကျမတို့တတွေကျန်းမာရေးအတွက်ဆိုပြီးမနက်ပိုင်းညနေပိုင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခဏ်းတွေလုပ်ရပြန်တယ် သောက်သုံးရေ၊ချိုးရေဆိုလည်းအဆင်သင့် ပြီးတော့အားလုံးကိုကုတင် တစ်လုံးစီနဲ့စောင်၊ခြင်ထောင်အပြည့်အစုံထားပေးတယ်

တာဝန်ရှိသူတွေဟာလည်းတစ်ချက်မှနားရတယ်မရှိဘူး၊လူ ၅ဝဝ စာလောက်ကိုမနက်စာ၊နေ့လည်စာ၊ညစာအတွက် ချက်ပြုတ်ပေးနေသူတွေဟာလည်း နေအပူ၊လေအပူမှာချွေးတလုံးလုံးနဲ့နေ့စားခလည်းတစ်ပြားမှသူတို့ရကြတာမဟုတ်ဘူး

ဒီကြားထဲကျမတို့မပျင်းရအောင်အဆိုတော်တွေနဲ့ညဘက်မှာလာရောက်ဖျော်ဖြေပေးကြသေးတယ်၊ပြောမယ်ဆိုရင်တော့အများကြီးပေါ့ရှင်…….

ကိုယ့်ကို သွေးမတော်သားမစပ်မိသားစုလိုဒီလောက်ဂရုစိုက်ပေးနေတာကိုတွေ့ရှိလာတဲ့အချိန်မှာကျမမှားသွားပြီဆိုတာသိလိုက်ရတယ်၊ကျမတို့ဖုန်းတွေမှာနေ့စဉ်

Covid-19 ရောဂါနဲ့ပတ်သက်ပြီးသတင်းတွေအမြဲတွေ့နေရတယ်၊ဘယ်နိုင်ငံမှာဘယ်လောက်ကူးစက်ခံရပြီးဘယ်လောက်သေဆုံးတယ်ဆိုတာတွေသိလာရတယ်

အဲဒါတွေသိလာတော့ကျမတို့မြန်မာနိုင်ငံမှာ ၅ ဦးသေဆုံးပြီးတစ်ရာကျော်ကူးစက်ခံနေရတယ်

ဒီစခန်းမှာဒီလိုပြည့်စုံအောင်ငွေကုန်အချိန်ကုန်လူပန်းပြီးထားပေး ကျွေးမွေးနေတာတွေဟာကျမတို့အတွက်၊ကျမတို့မိသားစုအတွက် ကျမတို့နိုင်ငံအတွက်Covid-19 ရောဂါတွေမကူးစက်အောင် သူတို့လုပ်ပေးနေပါလား?လို့ကျမသိလိုက်ရတဲ့အချိန်မှာ…

အခုကျမတို့ပြန်ရတော့မယ်လေ ကျမအရမ်းဝမ်းနည်းမိပါတယ် ဒီစခန်းကတာဝန်ရှိသူများကျမကိုခွင့်လွှတ်ပေးကြဖို့ဆရာကတဆင့်တောင်းပန်ခဲ့ပါတယ်လို့ ဆရာပြောပေးပါ

ကျမအိမ်ပြန်ရလို့အရမ်းဝမ်းသာပေမဲ့ဒီစခန်းကမိသားစုလိုကျွေးမွေးစောင့်ရှောက်ပေးကြတဲ့တာဝန်ရှိသူ အားလုံးရဲ့စေတနာဟာကျမကိုဒီစခန်းကထွက်ခွာမသွားအောင်ဆွဲခေါ်ထားသလိုခံစားရပါတယ်ရှင်..

ဖြစ်နှိုင်ရင်ဒီစခန်းကကျမ မသွားချင်ဘူး လုပ်အားပေးအနေနဲ့ ပြန်ပြီးကျေးဇူးဆပ်ခြင်တယ်

ဒါပေမဲ့မိဘတွေ၊ညီအစ်ကိုမောင်နှမတွေကို ၅ နှစ်ကြာမတွေ့ရသေး လို့ဒီစခန်းကိုကျမနှုတ်ဆက်ခဲ့ပါတယ်….

ကျမ တို့ကိုချုပ်ချယ်ပြီးထောင်ချထားတယ်လို့ အရင်ကထင်မှတ်ခဲ့တဲ့ကျမကို/ဒီစခန်းကစေတနာနဲ့စောင့်ရှောက်ပေးခဲ့တာတွေကို နားမလည်ခဲ့တဲ့ကျမအခုနောင်တရမိပါပြီရှင်

ဒါကြောင့် တာဝန်ရှိသူများအပေါ် အထင်မြင်လွဲခဲ့မိတဲ့ ကျမတို့ကိုခွင့်လွှတ်ပေးကြပါလို့နောက်ဆုံးအနေနဲ့ပြောခဲ့ပါရစေ……”

ဆိုပြီးလက်အုပ်လေးချီလို့ပြောခဲ့တဲ့ကောင်မလေး…မျက်နှာကိုကြည့်လိုက်တော့ ….အလို…သူ့မျက်ဝန်းမှာမျက်ရည်တွေနဲ့ပါလား?…….

(ကိုယ်တွေ့မေးမြန်းရေးသားပါသည်) သက်ဦးနိုင်။

crd … Thet Oo Naing

Add a Comment

Your email address will not be published. Required fields are marked *